အလွန်ကြီးမားသည့်အလားအလာများရှိနေသော်လည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဏသည် လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော်အတွင်း ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်ရှိနေခဲ့ပါသည်။ ယနေ့ ကာလ မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးကဏ္ဏ တစ်ဦးချင်းဝင်ငွေသည် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ (၂၀၀) ခန့်သာရှိသောကြောင့် ဒေသတွင်းလုပ်ငန်းတူများရရှိသည့်ဝင်ငွေ၏ (၃) ပုံ (၁) ပုံ မှ (၂) ပုံ (၁) ပုံအထိသာရှိနေပါသေးသည်။ နိုင်ငံလူဦးရေ၏ (၃) ပုံ (၂) ပုံခန့်သည် အခြေခံအားဖြင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဏတွင် လုပ်ကိုင်နေကြသော်လည်း လယ်ယာထွက်ကုန်ပမာဏ နိမ့်ကျခြင်းကြောင့် ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်ခြင်းနှင့် စားနပ်ရိက္ခာမလုံလောက်ခြင်းတို့ဖြစ်ပေါ်စေပါသည်။ လက်ရှိအချိန်တွင် နိုင်ငံစုစုပေါင်း လူဦးရေ၏ (၄) ပုံ (၁) ပုံခန့်သည် တစ်နိုင်ံငံလုံးအတိုင်းအတာဖြင့် ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေ ပါသည်။ ရလာဒ်အနေဖြင့် မိမိနိုင်ငံတစ်ခုတည်းအတွက် ဆန်စပါးလုံလောက်မှုရှိသော်လည်း အိမ်ထောင် စုနှင့် လူပုဂ္ဂိုလ်အများအပြားအတွက် စားနပ်ရိက္ခာလုံလောက်မှုအခြေအနေမှာ မရေမရာအခြေအနေတွင် ရှိနေဆဲဖြစ်ပါသည်။ ဆင်းရဲသားမိသားစုများသည် မိမိတို့ရရှိသည့် ဝင်ငွေ၏ (၇၀) ရာခိုင်နှုန်းခန့်ကို စားသောက်ရာတွင် သုံးစွဲကြရပါသည်။ ထို့အပြင် ကျေးလက်အိမ်ထောင်စု (၃) ပုံ (၁) ပုံမှာ တစ်နှစ်တာ ကာလ၏ အချို့သောအချိန်အပိုင်းအခြားတွင် စားနပ်ရိက္ခာဝယ်ယူရန် မဖြစ်မနေ ငွေကြေးချေး၊ ငှါးကြရ ပါသည်။ ထိုသို့ကြီးလေးလှသည့် ငွေကြေးဝန်ထုတ်၊ ဝန်ပိုးများကို ထမ်းပိုးထားရသည့်အပြင် ကျေးလက် လူထုစုစုပေါင်း၏ (၂) ပုံ (၁) ခန့်အထိသည် တစ်နှစ်တာလျင် (၂) လခန့် စားနပ်ရိက္ခာလုံလောက်ခြင်းမရှိ ဖြတ်သန်းကြရသောကြောင့် နိုင်ငံတစ်ဝန်းလုံးကလေးစုစုပေါင်း၏ (၃) ပုံ (၁) ပုံခန့်မှာ အဟာရမပြည့်ဝ ခြင်းကြောင့် ကြုံလှီသေးကွေးနေကြရပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဏ၏ စွမ်းဆောင်ရည် သည် အဘယ်ကြောင့် ဤမျှအထိ နိမ့်ကျနေရပါသနည်း။ အခြားစီးပွါးရေးကဏ္ဏများကဲ့သို့ပင် စိုက်ပျိုး မွေးမြူရေးကဏ္ဏသည်လည်း လွန်ခဲ့သော နှစ်ပေါင်း (၆၀) ကျော်မှ ယနေ့အထိဖြစ်ပွါးနေသည့် ပြည်တွင်း စစ်နှင့် အကြမ်းဖက်မှုများ၊ နိုင်ငံတကာနှင့် အဆက်အသွယ်ပြတ်တောက်မှုများက ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု များ ၊ ခေတ်မီနည်းပညာများနှင့် ဗဟုသုတဖလှယ်မှုများကို အဟန့်အတားဖြစ်စေခဲ့ပါသည်။ စိုက်ပျိုး မွေးမြူရေးကဏ္ဏတွင် အဖွဲ့အစည်းဆိုင်ရာ၊ မူဝါဒဆိုင်ရာနှင့် ဖွဲ့စည်းပုံဆိုင်ရာ အကန့်အသတ်များက စိုက်ပျိုးမွေးမြူရေးကဏ္ဏ တိုးတက်ဖွံ့ဖြိုးမှုအပေါ် အဟန့်အတားဖြစ်စေပြီး မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသည့် ငတ်မွတ်မှုနှင့် အဟာရချို့တဲ့မှုနှုန်း မြင့်မားခြင်းကို ဖြစ်ပေါ်စေပါသည်။ စိုးရိမ်ဖွယ် အကောင်းဆုံးပြသနာရပ်များမှာ (၁) လွဲမှား၊ ချွတ်ချော်သော မြေယာခွဲဝေမှုများကြောင့် ကျေးလက် အိမ် ထောင်စု ထက်ဝက်ခန့်ကို မြေယာမဲ့ဖြစ်စေခြင်း (၂) ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့် မခန့်မှန်းနိုင်သော မိုးရွာသွန်းမှုများကြောင့်ကြောင့် ရေအရင်းအမြစ်ထိန်းသိမ်းနိူင်မှုစနစ်များညံ့ဖျင်းလာခြင်း (၃) ကုန်ကျ စရိတ်မြင့်မားလာသော သယ်ယူပို့ဆောင်ရေးစနစ် (၄) အားနည်းသော ကျေးရွာဒေသ ငွေကြေးအဖွဲ့ အစည်းများ (၅) ကြိုတင်ခန့်မှန်းရန်ခက်ခဲသော အစိုးရမူဝါဒများ (၆) စိုက်ပျိုးမွေးမြူရေးကဏ္ဏ သုတေသန လုပ်ငန်းများတွင် ပြည်သူလူထု၏ရင်းနှီးမြုပ်နှံမှုနည်းပါးခြင်း (၇) စိုက်ပျိုးမွေးမြူရေးကဏ္ဏ ဆိုင်ရာ နည်းပညာ၊ သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်းများနှင့် တောင်သူလယ်သမားအကြား ချိတ်ဆက်မှု အားနည်းခြင်း စသည်တို့ဖြစ်ကြပါသည်။ သို့ရာတွင်မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးကဏ္ဏတွင် လုပ်ကိုင်နေသူစုစုပေါင်း၏ (၃) ပုံ (၂) ပုံခန့်အတွက်ကံကောင်းသည့်အချက်မှာ ဖော်ပြပါအဟန့်အတား များကို ကောင်းမွနိသည့်မူဝါဒများ၊ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အဓိကပြည်သူ့ရင်းနှီး မြုပ်နှံမှုများမှတစ်ဆင့် ပြင်ဆင်ကုစားနိုင်သည် ဟူသည့် အချက်ပင်ဖြစ်ပါသည်။