ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်သည် အရှေ့တောင်အာရှ တောင်ကုန်းတောင်တန်းထူထပ်သည့် ဒေသများတွင် ရိုးရာအစဉ်အလာ ကျယ်ပြန့်စွာ အသုံးပြုနေသည့် စိုက်ပျိုးရေးစနစ်တစ်ခုဖြစ်ပါသည်။ ၎င်းရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ကို မြန်မာနိုင်ငံတောင်ကုန်းထူထပ်သော နယ်စပ်ဒေသများ တွင်လည်း ကျယ်ပြန့်စွာအသုံးပြုနေပါသည်။ သို့ရာတွင် စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နည်းပညာဆိုင်ရာ မောင်းနှင်မှုများက အဆိုပါဒေသများအတွင်းအသုံးပြုနေသည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး (မြေယာအသုံးပြုမှု) စနစ်ပုံစံကို သိသာထင်ရှားသည့် အသွင်ကူးပြောင်းမှုများပြုလုပ်ရန် တွန်းအားပေးလာကြပါသည်။ အဆိုပါအသွင်ကူးပြောင်းမှုများက ရွှေ့ပြောင်းတောင်ယာ လယ်သမား များ၏ ဓားမဦးချ/ ဘိုးဘွားပိုင် မြေယာအသုံးပြုပိုင်ခွင့်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာစေ ပါသည်။
မြန်မာနိုင်ငံ သမိုင်းကြောင်းတစ်လျောက်တွင် ဓားမဦးချ/ ဘိုးဘွားပိုင် မြေယာစီမံခန့်ခွဲမှုစနစ်များနှင့် နိုင်ငံပိုင်မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါင်းစပ်ကျင့်သုံးမှုအားနည်းခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် ဓားမ ဦးချ/ ဘိုးဘွားပိုင် မြေယာအသုံးပြုပိုင်ခွင့်အပေါ် တရားဝင်အသိအမှတ်ပြုခံရမှု အားနည်းခဲ့ရပြီး ဓားမဦးချ / ဘိုးဘွားပိုင် မြေယာပိုင်ရှင်များအနေဖြင့် အမြတ်ထုတ်၊ အနိုင်ကျင့်မှုများကို တွေ့ကြုံခံစားခဲ့ကြရ ပါသည်။
မကြာသေးမီကာလများအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်လာသော နိုင်ငံရေးနှင့်စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုများက နိုင်ငံပိုင်မြေယာစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုဖော်ဆောင်ရေးကို တွန်းအား ပေးလာခဲ့ပါသည်။ မြန်မာနိုင်ငံတော်အစိုးရမှ ထုတ်ပြန်ကြေညာခဲ့သောလယ်ယာမြေဥပဒေ (၂၀၁၂) နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ (၂၀၁၂) တို့တွင် လယ်ယာစိုက်ပျိုးမြေစီမံခန့်ခွဲမှုစနစ်များ အပေါ်သိသာထင်ရှားသည့်ပြောင်းလဲမှုများဖြစ်ထွန်းပေါ်ပေါက်လာစေရန် မိတ်ဆက်ဖော်ပြထားပါသည်။ သို့ရာတွင် အဆိုပါဥပဒေများတွင်လည်း ဘိုးဘွားပိုင်/ ဓားမဦးချ မြေယာစီမံခန့်ခွဲမှုစနစ်နှင့် နိုင်ငံပိုင် မြေယာစီမံခန့်ခွဲမှုစနစ်များအကြား အပြန်အလှန်သက်ရောက်၊ အကျိုးပြုမှုကို အနည်းငယ်မျှသာ ဖော်ပြ ထားပါသည်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်များနှင့် ပတ်သက်၍ ဥပဒေသတ်မှတ်ပြဌာန်းရာတွင်
ဘိုးဘွားပိုင်မြေယာရပိုင်ခွင့်များကို သတ်မှတ်ဖော်ထုတ်မှု၊ ဘိုးဘွားပိုင်မြေများကို အသိအမှတ်ပြုမှု၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်များကို ဥပဒေကြောင်းရာအရ ခွင့်ပြုမှု စသည်တို့အပေါ် ရှင်းလင်း ပြတ်သားမှုအားနည်းနေပါသေးသည်။
(၂၀၁၄) နှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သော အမျိုးသားမြေယာအသုံးချမှု မူဝါဒ ဥပဒေမူကြမ်းတွင် အဆိုပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ဖြစ်ပေါ်တိုးတက်မှုများကိုဖော်ပြထားပါသည်။ သို့ရာတွင် အဆိုပါမူဝါဒကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ပိုမိုကြည်လင်ပြတ်သားသည့် ရှင်းလင်း ဖော်ပြမှုများ လိုအပ်နေပါသေးသည်။ ထိုသို့ရှင်းလင်းဖော်ပြနိုင်ရန်အတွက် အရှေ့တောင် အာရှနိုင်ငံများ (ဥပမာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားစသည်) တွင်ဘိုးဘွားပိုင်မြေယာအသုံးချပိုင်ခွင့်များကို ဥပဒေပြုစု သတ်မှတ်ရာ၌ထည့်သွင်းပေါင်းစပ်ခဲ့သည့် အတွေ့အကြုံများမှသင်ခန်းစာရယူနိုင်ပါသည်။
ဘိုးဘွားပိုင်မြေယာစီမံခန့်ခွဲမှုစနစ်များကို နိုင်ငံပိုင်မြေယာစီမံခန့်ခွဲမှုစနစ်များတွင် ပေါင်းစပ်ကျင့်သုံးခြင်း ဖြင့် ဘိုးဘွားပိုင်ရွှေ့ပြောင်းတောင်ယာ အသုံးချပိုင်ခွင့်များကို နိုင်ငံတော်မှ အကျယ်ပြန့်ဆုံး သဘောတူ အသိအမှတ်ပြုလာစေရန်ဤလေ့လာမှုစာတမ်းမှ အဓိက ရည်ရွယ်၊ အဆိုပြုထားခြင်းဖြစ်ပါသည်။ ဒေသခံ လယ်သမားများအနေဖြင့် ပြောင်းလဲနေသောအခြေအနေများနှင့်အညီ လိုက်လျောညီထွေကျင့်သုံးနိုင်စေ ရန်အတွက် ဥပဒေကြောင်းရာမူဘောင်သည် လုံလောက်သည့်ဆုတ်သာ၊ တက်သာ အနေအထားရှိသင့် ပါသည်။
ဘိုးဘွားပိုင်လယ်ယာမြေဒေသများဆိုင်ရာ မြေပုံများရေးဆွဲရာတွင် ရွှေ့ပြောင်းတောင်ယာမြေများ သတ်မှတ်ဖော်ထုတ်ခြင်း၊ ရွှေ့ပြောင်းတောင်ယာများကိုစုပေါင်းမြေယာပိုင်ဆိုင်မှုဖွဲ့စည်းပုံအောက်ရှိ မြေယာစီမံခန့်ခွဲစနစ်တစ်ခုအဖြစ် တစ်ဦးတစ်ယောက်ခြင်းမြေယာပိုင်ဆိုင်ခွင့်ရှိစေရန် တွန်းအားပေး ဆွေးနွေးခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးအလေ့အထများကို ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပါ တင်ပြ ချက်များနှင့် ယှဉ်တွဲ စဉ်းစားဆုံးဖြတ်ခြင်း စသည်တို့ကို ဤအစီရင်ခံစာတွင် ဆွေးနွေးတင်ပြထားပါသည်။
မြန်မာနိုင်ငံတွင်လက်ရှိပေါ်ပေါက်နေသည့် စီးပွါးရေးနှင့် နိုင်ငံရေးအခြေအနေများက အဆိုပါ ကိစ္စရပ်များ ကို အသိအမှတ်ပြု၊ ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒပြင်းပြနေကြောင်း သိသာထင်ရှားစေပါသည်။ ဘိုးဘွားပိုင် မြေယာစီမံခန့်ခွဲမှုစနစ်များနှင့် နိုင်ငံပိုင်မြေယာစီမံခန့်ခွဲမှုစနစ်များတစ်ခုနှင့်တစ်ခုအပြန် အလှန် ဖြည့်စွက် ပံ့ပိုးခြင်းဖြင့် ရွှေ့ပြောင်းတောင်ယာလယ်သမားများ အနာဂတ်ကာလတွင် ၎င်းတို့၏ဘိုးဘွားပိုင် ရွှေ့ပြောင်းတောင်ယာများ တရားဝင်ပိုင်ဆိုင်ရယူခွင့်ကို ဦးတည်စေပါလိမ့်မည်။